အာဆင်နယ်၊ မန်စီးတီးတို့ အချိန်ပို၊ ပယ်နယ်တီအထိ ကစားခဲ့ရပြီး အသင်းကြီးတွေ နောက်တစ်ဆင့်တက်

အာဆင်နယ်၊ မန်စီးတီးတို့ အချိန်ပို၊ ပယ်နယ်တီအထိ ကစားခဲ့ရပြီး အသင်းကြီးတွေ နောက်တစ်ဆင့်တက်

 

လိဂ်ဖလား အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်တို့ အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့ကြပြီး အာဆင်နယ်က အချိန်ပို၊ မန်စီးတီးက ပယ်နယ်တီအထိ ကစားခဲ့ရပါတယ်။

မန်ယူအသင်းဟာ လူငယ်၊ အရံကစားသမား အများစုနဲ့ ပွဲထွက်လာပေမယ့် ဆွမ်ဆီးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းဟာ ၃-၄-၃ ပုံစံနဲ့ ကစားခဲ့ပြီး တိုက်စစ်မှာ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်၊ ကွင်းလယ်မှာ ဘလင်း၊ မက်တွမ်မီနေ၊ ဟာရဲရား၊ ဒါမီယန်၊ နောက်တန်းမှာ လင်ဒီလော့ဖ်၊ စမောလင်း၊ တွမ်ဇီဘီတို့ ပွဲထွက်လာပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေကို လင်ဂတ်တစ်ဦးတည်းက (၂၁)မိနစ်နဲ့ (၅၉)မိနစ်တွေမှာ သွင်းယူခဲ့ပြီး အနိုင်ရခဲ့တာပါ။

 

မန်စီးတီးကတော့ အိမ်ကွင်းမှာ ၀ုလ်ဗ်အသင်းကို လိဂ်ချန်ပီယံရှစ်ကလပ် ၀ုလ်ဗ်အသင်းကို လက်ခံကစားခဲ့ပြီး ပယ်နယ်တီမှာမှ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ အဂွဲရိုး၊ ဂျေးဆူ၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ယာာယာတိုရေး၊ ဂွန်ဒိုဂန်တို့လို ကစားသမားတွေ ပါဝင်ခဲ့ပြီး တစ်ဖက်သတ် အသာစီးရခဲ့ပေမယ့် အဆုံးသတ် မသေချာခဲ့တာကြောင့် ပယ်နယ်တီအထိ ကစားခဲ့ရတာပါ။ ပယ်နယ်တီမှာတော့ မန်စီးတီးဘက်က ဒီဘရိုင်း၊ ယာယာတိုရေး၊ ဆာနေး၊ အဂွဲရိုးတို့ (၄)ဦးစလုံး ဂိုးဝင်ခဲ့ပြီး ၀ုလ်ဗ်အသင်းဘက်က ဘိုနာတီနီ တစ်ဦးသာ ဂိုးဝင်ကာ ဒီယာယီ၊ ကိုအာဒီတို့ လွဲချော်ခဲ့တာကြောင့် မန်စီးတီး (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ကတော့ အိမ်ကွင်းမှာ နောဝစ်ခ်ျအသင်းကို အချိန်ပိုရောက်မှ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂျရူး၊ အီဝိုဘီ၊ ဝေါလ်ကော့၊ ၀ဲလ်ရှိုင်းယား၊ ကိုကီလင်၊ အယ်လ်နန်နီ၊ ဒီဘူချီတို့ကို လူငယ်တွေနဲ့ တွဲဖက်ပြီး ပွဲထုတ်ခဲ့ပါတယ်။ နောဝစ်ခ်ျအသင်းရဲ့ တောင်ပံကစားသမား မာဖီက (၃၄)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့တာကြောင့် အာဆင်နယ် နောက်ကလိုက်ကစားခဲ့ရပြီး (၈၅)မိနစ်ရောက်မှ လူစားဝင် လူငယ်တိုက်စစ်မှူး နခါတီယာက ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အချိန်ပို (၉၆)မိနစ်မှာလည်း နခါတီယာကပဲ အနိုင်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး အာဆင်နယ် နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

အခြားပွဲတွေမှာ ဘုန်းမောက်၊ လက်စတာတို့ နောက်တစ်ဆင့် တက်ခဲ့ကြပေမယ့် ပဲလေ့စ်ကတော့ ဘရစ္စတိုးလ်စီးတီးကိုရှုံးပြီး ထွက်ခဲ့ရပါတယ်။

■ လိဂ်ဖလားရလဒ်များ
ဘုန်းမောက် ၃-၁ မစ်ဒယ်ဘရော့
အာဆင်နယ် ၂-၁ နောဝစ်ခ်ျ
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် အာဆင်နယ် နိုင်)
ဘရစ္စတိုးလ်စီးတီး ၄-၁ ခရစ္စတယ်ပဲလေ့စ်
လက်စတာ ၃-၁ လိဒ်စ်
ဆွမ်ဆီး ၀-၂ မန်ယူ
မန်စီးတီး ၀-၀ ၀ုလ်ဗ်
(ပယ်နယ်တီတွင် ၄-၁ ဂိုးဖြင့် မန်စီးတီးနိုင်)

■ စီးရီးအေရလဒ်များ
အင်တာမီလန် ၃-၂ ဆမ်ဒိုးရီးယား

■ စပိန်ဘုရင့်ဖလားရလဒ်များ
ကာတာဟယ်နာ ၀-၃ ဆီဗီလာ
နူမန်စီယာ ၂-၁ မာလာဂါ
ဇာရာဂိုဇာ ၀-၂ ဗလင်စီယာ
ဂီတာဖေး ၀-၁ အလာဗတ်စ်
မူစီယာ ၀-၃ ဘာစီလိုနာ
ကာဒစ်ဖ် ၁-၂ ဘက်တစ်

■ ဂျာမန်ဖလားရလဒ်များ
ပါဒါဘွန်း ၂-၀ ဘိုဟုမ်
ဗိစ်ဘာအင် ၁-၃ ရှော်လ်ကေး
ဒူဆယ်ဒေါ့ဖ် ၀-၁ မိုချန်ဂလာဘတ်
လေဗာကူဆင် ၄-၁ ယူနီယံဘာလင်
ရှဝိုင်းဖတ် ၀-၄ ဖရန့်ဖတ်
မက်ဒီဘတ် ၀-၅ ဒေါ့မွန်
မိန့်ဇ် ၃-၂ ဟော်စတိုင်ကီလ်
(မိနစ် ၉၀ ၂-၂၊ အချိန်ပိုတွင် မိန့်ဇ် နိုင်)
ဂရိုင်သာဖက်သ် ၁-၃ အင်ဂိုးလ်စတက်ဒ်

Source : Eleven Sport , ESPN

Leave a comment

Your email address will not be published. Required fields are marked *