၂၀၁၇ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒိုရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ဇီဒန်းရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု The Best FIFA Football Awards ချီးမြှင့်ပွဲအခမ်းအနားကို တနင်္လာနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။

ဖီဖာသည် ယခင်ကတစ်နှစ်တာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရွေးချယ်ချီးမြှင့်နေရာမှ ၂၀၁၀ ခုနှစ်တွင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့်ပူးပေါင်းကာ FIFA Ballon d’Or ဟူသည့်အမည်ဖြင့်ပြောင်းလဲ ချီးမြှင့်ခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်ပြီးနောက် The Best ဟူသည့် ယခုဆုကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၁၆ ခုနှစ်အတွက် The Best ဆုကိုလည်း ရယူနိုင်ခဲ့သည့်အတွက် (၂)နှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါချန်ပီယံဆုများ ရယူနိုင်ခဲ့သည့်အတွက် မူလကတည်းကပင် ဆုရရှိရန်ရေပန်းစားနေခဲ့ပြီး လက်တွေ့ရယူနိုင်ခဲ့ခြင်း လည်းဖြစ်သည်။ အကောင်းဆုံးအမျိုးသား နည်းပြဆုကိုလည်း ရီးယဲလ်နည်းပြ ဇီဒန်းက ရယူနိုင်ခဲ့သည့်အတွက် ရီးယဲလ်အသင်း အောင်ပွဲခံသည့် ဆုပေးပွဲ ဖြစ်ခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံးအသင်း ရွေးချယ်ရာတွင်လည်း ရီးယဲလ်အသင်းမှ ကစားသမား(၅)ဦးအထိပါဝင်ပြီး အများဆုံးဖြစ်ခဲ့သည်။ ၂၀၁၇ ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ရီးယဲလ်အသင်းမှ ရာမို့စ်၊ မာဆယ်လို၊ မိုဒရစ်၊ ကရူးစ်နှင့် စီရော်နယ်လ်ဒိုတို့ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကျန်ကစားသမား (၆)ဦးမှာ မက်ဆီ၊ နေမာ၊ အင်နီယေစတာ၊ ဘူဖွန်၊ ဘိုနူချီနှင့် အဲလ်ဗတ်စ်တို့ဖြစ်သည်။

 

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ဘာစီလိုနာအသင်းမှ နယ်သာလန်ကစားသမား လီကီမာတင်စ်က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး နည်းပြဆုကို နယ်သာလန်အမျိုးသမီးလက် ရွေးစင်အသင်းနည်းပြ ဆာရီနာဝီမန်းက ရရှိခဲ့သည်။ အကောင်းဆုံးပရိသတ်ဆုကို ဆဲလ်တစ်အသင်းပရိသတ်များကရရှိခဲ့ပြီး အာဆင်နယ်အသင်းမှ ပြင်သစ်တိုက်စစ်မှူးဂျရူးက ပြီးခဲ့သည့်ရာသီ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

 

source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *