ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဆုပေးပွဲတွင် The Best ဆုကို (၂)နှစ်ဆက်တိုက် ရယူနိုင်ခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံး The Best ဆုကို (၇)ခုအထိ ရယူသွားလိုသည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ကစားသမားဘ၀တစ်လျှောက် တစ်ဦးချင်းထူးချွန်ဆုများစွာ ရရှိထားသူဖြစ်ပြီး ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ ပူးပေါင်းချီးမြှင့်သည့် FIFA Ballon d’Or ဆုကိုလည်း ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရယူနိုင်ခဲ့သည်။
ထို့ပြင် ၂၀၀၈ ခုနှစ်တွင်လည်း FIFA World Player of the Year ဆုကို ရရှိခဲ့သည့်အတွက် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၅)ကြိမ်ရရှိထားပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
သို့သော် စီရော်နယ်လ်ဒိုက အနာဂတ်အောင်ပွဲများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖီဖာဝက်ဘ်ဆိုက်နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးအစီအစဉ်တွင် ကမ္ဘာ့အကောင်းဆုံးဆုကို ဘယ်နှကြိမ်ရယူလိုသလဲဟု မေးမြန်းခဲ့ရာ စီရော်နယ်လ်ဒိုက “(၇)ကြိမ် ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါ ကျွန်တော့်ရဲ့ Lucky Number လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးကို အနာဂတ်ကာလမှာ ရယူသွားချင်တာပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။