ဒဏ်ရာ သက်သာလာသော ထွန်းထွန်းမင်း ဇန်နဝါရီလတွင် ကြိုးဝိုင်းအတွင်း ပြန်ဝင်လာမည်

ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ ရသော ပထမတန်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် လာမည့် ဇန်နဝါရီလ တွင် ရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ တစ်ကျော့ပြန်ဝင်လာတော့မည် ဖြစ်သည်။

လာမည့် ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန် မြို့၌ ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်း ပါဝင်ယှဉ်ပြိုင် မည် ဖြစ်သည်။

“၂၀၁၈ တစ်လပိုင်းမှာ ကြိုးဝိုင်းထဲကို ပြန်လာခဲ့မှာပါ။ ပြိုင်ဘက်က နိုင်ငံခြားသား ဖြစ်မယ်။ ဘယ်သူဆိုတာတော့ မသိရသေး ဘူး။ ပွဲစီစဉ်တဲ့ဘက်က ရှာနေတုန်းပါ။ကျွန်တော့်ဘက်ကတော့ လေ့ကျင့်မှုတွေ စလုပ်နေပါပြီ”ဟု ထွန်းထွန်းမင်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာက ကျင်းပခဲ့သော အဲကေဘီဇက် အောင်လံပွဲ၌ ထွန်းထွန်းမင်း သည် ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည် အနားယူခဲ့ရသည်။ ယခုနှစ် မတ်လတွင် လက်ဝှေ့တစ်ပွဲ ထိုးသတ်ခဲ့သော်လည်း ဒဏ်ရာ အကင်းမသေခြင်းကြောင့် ဘန်ကောက်တွင် သွားရောက်ကုသမှု ခံယူခဲ့ ရသည်။

“ဒဏ်ရာက သက်သာနေပါပြီ။ လေ့ကျင့်မှု ပြင်ဆင်မှုတွေတော့ ဆက်လုပ်ရမယ်။ ကျွန်တော့် ပရိသတ်တွေက ဒဏ်ရာရနေတဲ့ အချိန်တောင်မှ ကျွန်တော့်ကိုအားပေးခဲ့ကြတယ်။ ဒီပရိသတ်တွေကို ကျေးဇူးဆပ်ချင်တယ်။ အကောင်းဆုံးပုံစံနဲ့ ကြိုးဝိုင်းထဲကို ပြန်လာမှာပါ။ အရင် ထွန်းထွန်းမင်းပုံစံကို ဇန်နဝါရီမှာ မြင်တွေ့ရမယ်”ဟု အဆိုပါ လက်ဝှေ့ကျော်က ဆိုသည်။

ထွန်းထွန်းမင်းသည် ကနေဒါလက်ဝေှ့သမား ဒေ့ဗ်လက်ဒက်ကို ရှုံးနိမ့်ခဲ့ပြီး ရိုးရာ လက်ဝှေ့ချန်ပီယံဘွဲ့ကို ပေးအပ်ခဲ့ရသည်။ ထိုချန်ပီယံဆုကို ပြန်လည်ရယူရန် စိတ်အား ထက်သန်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း ဒေ့ဗ်ကို စိန်ခေါ်ထိုးသတ်သွားမည်ဟု ဆိုသည်။

“ကျွန်တော် သူ့(ဒေ့ဗ်)ကို ပြန်စိန်ခေါ်ထိုး သတ်ချင်တာကြာပါပြီ။ ဒါပေမဲ့ အခြေအနေ မပေးခဲ့လို့ပါ။ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးလည်း ဒေ့ဗ်က ပွဲမအားသလို၊ ကျွန်တော့်ဒဏ်ရာ အခြေအနေကလည်းရှိနေလို့ မထိုးဖြစ်ခဲ့ဘူး။ သူ့ကို ပြန်စိန်ခေါ်ပြီး ရိုးရာလက်ဝှေ့ ချန်ပီယံဘွဲ့ကို ပြန်ယူမယ်”ဟု ထွန်းထွန်းမင်းက ပြောသည်။

ထွန်းထွန်းမင်းသည် ၂၀၁၇ ခုနှစ်က WLC ပြိုင်ပွဲများအတွက် မြန်မာလက်ခမောင်းကုမ္ပဏီနှင့် တစ်နှစ်စာချုပ်ခဲ့ဖူးသော်လည်း လာမည့် ၂၀၁၈ ခုနှစ် တွင် ကာလရှည်စာချုပ်ဖို့ အစီအစဉ် မရှိကြောင်း သိရသည်။ ပွဲစီစဉ်သူများနှင့် တစ်ပွဲချင်းသာ စာချုပ်တော့မည်ဖြစ်သောကြောင့် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်ဒက်တို့၏ ချန်ပီယံလုပွဲသည် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်လာဖွယ်ရှိသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *