ယခုနှစ် ချန်ပီယံလိဂ် မှာ အင်္ဂလန် ကလပ်အသင်း ၅ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သက်ဆိုင်ရာ အုပ်စု အသီးသီးရဲ့ အဆင့် ၁ နေရာတွေကို ရယူထားနိုင်ခဲ့ကြတာကို အားလုံးသိထားပြီးဖြစ်ပါလိမ့်မယ် ။
ဒီလိုပဲ ယူရိုပါလိဂ် မှာ ခြေစွာနေကြတာကတော့ အီတလီ စီးရီးအေ ကလပ်အသင်းတွေပဲဖြစ်ပါတယ် ။
အေစီမီလန် ၊ လာဇီယို နဲ့ အတ္တလန်တာ အသင်းတွေဟာ အီတလီစီးရီးအေ ကို ကိုယ်စားပြုပြီး ယူရိုပါလိဂ် မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ပွဲစဉ် ၅ ပွဲ ကစားလို့အပြီးမှာတော့ ၃ သင်းစလုံး အုပ်စု ပထမနေရာ ရယူထားကြသလို ရှုံးထွက်အဆင့်ကို တက် ရောက်နိုင်ခဲ့ကြပြီဖြစ်ပါတယ် ။
အတ္တလန်တာ အသင်းဟာ အုပ်စု E မှာ ငွေကြေးများစွာ အကုန်ကျခံပြင်ဆင်ထားတဲ့ အဲဗာတန် ၊ ဥရောပ ရဲ့ အစဉ်အလာကြီး လိုင်ယွန် အသင်းတို့နဲ့ အတူကျရောက်ခဲ့ပြီး အုပ်စုကနေ လက်ပြနှုတ်ဆက်ရမယ်လို့ ထင်ထား ခဲ့ကြပေမယ့် အဲဗာတန် ကို နှစ်ကျော့ပေါင်း ၉ ဂိုး အထိသွင်းယူနိုင်ခဲ့ကာ ဘောလုံးပရိသတ်တွေကို အံ့အားသင့် စေခဲ့ပါတယ် ။
အေစီမီလန် နဲ့ လာဇီယို အသင်းတွေဟာလည်း သက်ဆိုင်ရာ အုပ်စုတွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပြီး တိုက်စစ် နဲ့ ခံစစ်ပုံစံကောင်းတွေကိုပြသနိုင်ခဲ့ကြပါတယ် ။ အီတလီ ကလပ် ၃ သင်းရဲ့ ယူရိုပါလိဂ် အုပ်စု သွင်းဂိုးဟာ ၃၆ ဂိုးအထိရှိပြီး ပေးဂိုးကတော့ ၁၂ ဂိုး ( တစ်သင်း ၄ ဂိုးစီး ) သာရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။
ချန်ပီယံလိဂ် မှာတော့ ဂျုဗင်တပ် အသင်းက ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ နီးစပ်နေပြီး နာပိုလီ နဲ့ ရိုးမား တို့ကလည်း နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ လက်တကမ်းသာ လိုပါတော့တယ် ။ ဒါပေမယ့် အဆိုပါ ၃ သင်းစလုံး အုပ်စုနောက်ဆုံးပွဲတွေမှာ အမှားမပြုလုပ်မိဖို့ လိုအပ်နေပြီး လွဲချော်ခဲ့ရင်တော့ ယူရိုပါလိဂ် ကို သက်ဆင်း ကစားရနိုင်ခြေတွေ ရှိနေပါတယ် ။
တကယ်လို့ ချန်ပီယံလိဂ် က အီတလီ အသင်းတွေပါ ယူရိုပါလိဂ်ကို ရောက်လာခဲ့မယ်ဆိုရင်တော့ ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲဟာ အလွန်ကြည့်ကောင်းဖို့ ရှိနေပြီး အီတလီကလပ်တွေ စိုးမိုးတဲ့ ပြိုင်ပွဲဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်
Source : Sports Myanmar / Europa League