ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၁ခုနှစ်မှ စတင်ကာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက်အား (၇)သင်းမှ (၂၄)သင်းအထိတိုးမြှင့်ကာပြိုင် ပွဲကျင်းပမည့်ကာလကိုလည်း နွေရာသီသို့ ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖီဖာကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်းအရေအတွက်အဖြစ် တိုက်ကြီး(၆)တိုက်မှ ချန်ပီယံအသင်း (၆)သင်းနှင့် အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းလိဂ်ချန်ပီယံ(၁)သင်း ဖြင့်ကျင်းပနေပြီး ပြိုင်ပွဲကိုလည်း နှစ်စဉ်ဒီဇင်ဘာလအတွင်း ပုံမှန်ကျင်းပခဲ့သည်။
သို့သော်လည်း ပြိုင်ပွဲကျင်းပသည့်ကာလမှာ ဥရောပတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများ ယှဉ်ပြိုင်သည့်အချိန်နှင့် တိုက်ဆိုင်နေ၍ ဥရောပရှိ ဘောလုံးပရိသတ်များမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းလျက်ရှိသည်။
သို့ ဖြစ်ရာ ဖီဖာက ယခုပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာစေရန်အတွက် ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ရန်နှင့် ပြိုင်ပွဲကာလကို ဇွန်လသို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။
ဖီဖာ၏ အစီအစဉ်အရ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း(၂၄)သင်းအား တစ်အုပ်စုလျှင် (၈)သင်းစီဖြင့် (၃)အုပ်စုခွဲ၍ သတ်မှတ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်ရက်မှာ (၁၈)ရက်နီးပါးကြာ မြင့်နိုင်ဖွယ်ရှိကြောင်း သိရသည်။
စပိန်အားကစားသတင်းစာ El Mundo Deportivo က ပုံစံသစ်ဖြင့်ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ (၁၂)သင်း၊ တောင်အမေရိကမှ (၅)သင်း၊ အာဖရိက (၂)သင်း၊ အာရှမှ (၂)သင်း၊ ကွန်ကာကပ်ဖ်(၂)သင်း ပါဝင်ဖွယ်ရှိပြီး ကျန်သည့်တစ်နေရာကိုမူ သမုဒ္ဒရာပိုင်းမှ ကလပ်အသင်းတစ်သင်းအား သတ်မှတ်ပေးသွားဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။
ဥရောပမှ ကလပ်အသင်း (၁၂)သင်းအနက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့သည့် (၄)သင်းပါဝင်ဖွယ် ရှိကြောင်းလည်း အဆိုပါသတင်းစာက ထပ်မံဖော်ပြခဲ့သည်။ ဖီဖာသည် ယခုအစီစဉ် နှင့်ပတ်သက်၍ ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
သို့သော်လည်း ဖီဖာအမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ရိန်းဟတ်ဂရင်ဒယ်လ်ကမူ ဖီဖာ၏ အစီအစဉ်ကို ကန့်ကွက်ခဲ့သည်။ ဂရင်ဒယ်လ်က “ကစားသမားတွေဟာ အနားယူဖို့လိုအပ်ပြီး ဇွန်လလောက်ရောက်မှသာ အားလပ်ရက်ရတာဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ဇွန်လအတွင်းမှာ နိုင်ငံအသင်းတွေ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲတွေရှိတာကိုလည်း သတိပြုသင့်ပါတယ်”ဟု တုံ့ပြန်ခဲ့သည်။
Source : Eleven Sports