အင်တာကွန်တီနင်တယ် ဖလားချန်ပီယံများကို ကမ္ဘာ့ကလပ်ချန်ပီယံတွေအဖြစ် ဖီဖာက အသိအမှတ်ပြုလိုက်ပြီဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်လာခဲ့

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ ၁၉၆၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာကွန်တီနင်တယ်ဖလား ချန်ပီယံတွေကို ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံတွေအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်တာကြောင့် ၁၉၉၉ ခုနှစ် ကွန်တီနင်တယ်ဖလားချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ကမ္ဘာ့ကလပ် ချန်ပီယံ အရေအတွက် တစ်ကြိမ် ထပ်တိုးသွားခဲ့ပြီဖြစ်ပါတယ် ။

အင်တာကွန်တီနင်တယ် ဖလား ဟာ ဥရောပ တိုက် ရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ( ဥရောပဖလား ) ချန်ပီယံ နဲ့ တောင် အမေရိက တိုက်ရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါ လေဘာဒီတိုးစ် ချန်ပီယံ တို့ ဗိုလ်လုခဲ့ကြ တဲ့ ပြိုင်ပွဲဖြစ်ပါတယ် ။ ဒါပေမယ့် အဆိုပါပြိုင်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ၊ မညီမျှမှုတွေနဲ့ သဘောမတူညီမှုတွေ ရှိလာခဲ့တာကြောင့် ၂၀၀၅ ခုနှစ်က စတင်ပြီး တိုက်ပေါင်းစုံက အမြင့်ဆုံးပြိုင်ပွဲရဲ့ ချန်ပီယံတွေ ဗိုလ်လုကြရတဲ့ ဖီဖာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ပြောင်းလဲကျင်းပလာခဲ့တာဖြစ်ပါတယ် ။

ဗြိတိန် ကလပ်တွေဟာ ကွန်တီနင်တယ် ဖလားပွဲတွေမှာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရပြီး ၁၉၉၉ ခုနှစ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ၊ ဆဲလ်တစ် ၊ နော်တင်ဟမ်ဖောရက်စ် ၊ လီဗာပူး ( ၂ ကြိမ် ) နဲ့ အက်စ်တွန်ဗီလာ တို့ဟာ တောင်အမေရိကချန်ပီယံတွေကို အရေးနိမ့်ခဲ့ကြပါတယ် ။ ၁၉၉၉ ခုနှစ် ရောက်ချိန်မှ မန်ချက်စတာ ယူနိုက်တက် ဟာ ဘရာဇီးကလပ် ပါးမေးရပ်စ် ကို အနိုင် ရရှိပြီး ကွန်တီနင်တယ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ၂၀၀၈ ခုနှစ်ကလည်း ဖီဖာကမ္ဘာ့ကလပ်ဖလား ကို အနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့ကလပ် ချန်ပီယံ ၂ ကြိမ် ဖြစ်လာခဲ့ပြီဖြစ် ပါတယ် ။

ကွန်တီနင်တယ်ဖလား ကို ရယူထားနိုင်ခဲ့တဲ့ အခြားကလပ်အသင်းတွေကိုလည်း ကမ္ဘာ့ကလပ်ချန်ပီယံအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်တာကြောင့် ၊ အေစီမီလန် ၊ ရီးရဲမက်ဒရစ် တို့ရဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ ဘွဲ့အရေ အတွက်တွေ တိုးလာခဲ့ပြီဖြစ်ပါတယ် ။

ဖီဖာအင်တာကွန်တီနင်တယ်ဖလားကို ရယူထားကြတဲ့ အသင်းများ –

၃ ကြိမ်
အေစီမီလန် ၊ ရီးရဲမက်ဒရစ် ၊ ဘိုကာဂျူနီယာ ၊ နေစီယွန်နယ် ၊ ပီနာရို

၂ ကြိမ်
အိုင်ယက်စ် ( အေဂျက်) ၊ ဘိုင်ယန်မြုးနစ် ၊ အင်ဒီပန်ဒီယန်တီ ၊ အင်တာမီလန် ၊ ဂျုဗင်တပ် ၊ ပေါ်တို ၊ ဆန်းတိုစ့် ၊ ဆာအိုပေါ်လို

၁ ကြိမ်
အသက်လက်တီကိုမက်ဒရစ် ( ချန်ပီယံလိဂ် ချန်ပီယံ အစား ဒုတိယ ရရှိသည့် အသင်းအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ ) ၊ ဒေါ့မွန် ၊ အက်စ်တူဒီယန်းတစ် ၊ ဖီယင်နု ၊ ဖလာမင်ဂို ၊ ဂရီမီယို ၊ မန်ချက်စတာ ယူနိုက်တက် ၊ အိုလင်ပီယာ ၊ ရေးဆင်း ( တောင်အမေရိကကလပ် ) ၊ ရက်စတား ဘဲဂရိတ် ၊ ရေးဗားပလိတ် ၊ ဗီလပ် ဆားလ်ဖီး

PS : လီဗာပူး အသင်းဟာ ဥရောပ ချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့ပေမယ့် ၁၉၇၇ နဲ့ ၁၉၇၈ ခုနှစ် ကွန်တီနင်တယ်ဖလား တွေကို ( ၂ ကြိမ်စလုံး ဘိုကာဂျုနီယာနှင့် ) ၀င်ရောက် ကစားဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ကျန် ၂ ကြိမ် မှာတော့ ရှုံးနိမ့်ခဲ့ပြီး ၂၀၀၅ ဖီဖာ ကမ္ဘာ့ကလပ်ဖလား မှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဆာအိုပေါ်လို ကလပ် ကို ရှုံးနိမ့်ခဲ့ပါတယ် ။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *