အဝေးကွင်းနိုင်ပွဲနဲ့ အာဂျင်တီးနားခြေစစ်ပွဲအောင်မြင်ခဲ့ပြီး၊ ချီလီအသင်းလက်ပြခဲ့

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ရဲ့နောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ်လိုအပ်နေတဲ့ အာဂျင်တီးနားအသင်းဟာ အီကွေဒေါကိုအဝေးကွင်းမှာ မက်ဆီရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အနိုင်ယူပြီး အဆင့် (၃)နေရာရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ နိုင်ပွဲရဖို့လိုအပ်နေတာကြောင့် အာဂျင်တီးနားနည်းပြဆမ်ပါအိုလီဟာ လူစုံထုတ်ကစားခဲ့ပြီး ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပါတယ်။ ပွဲအစမှာပဲ အီကွေဒေါအသင်းအဖွင့်ဂိုးရခဲ့ပေမယ့် အာဂျင်တီးနားအသင်းအတွက်ချေပဂိုးနဲ့အနိုင်ဂိုးတွေကို မက်ဆီ (၁၂၊ ၂၀၊ ၆၂)မိနစ်တွေမှာသွင်းယူခဲ့ပြီးခြေစစ်ပွဲအောင်မြင်စေခဲ့ပါတယ်။ ချီလီအသင်းရှုံးနိမ့်ပြီး၊ ပီရူးနဲ့ ကိုလံဘီယာသရေပွဲကြောင့် အာဂျင်တီးနားအသင်းဟာ အဆင့် (၃)နေရာအထိတက်လှမ်းကတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချီလီအသင်းကတော့ ကမ္ဘာ့ဖလားကိုလက်ပြခဲ့ရပြီး ပီရူးအသင်းက ချီလီအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ Play-Off ယှဉ်ပြိုင်ခွင့်အဆင့် (၅)နေရာကိုရယူခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက်ဂိုးတွေကို ပေါ်လင်ဟိုက (၁)ဂိုး၊ ဂျေးဆူက (၂)ဂိုး သွင်းယူပေးခဲ့ပြီး ဘရာဇီးလ်အသင်းဟာ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေမှာ သွင်းဂိုး (၄၁)ဂိုး၊ ပေးဂိုး (၁၁)ဂိုးနဲ့ တိုက်စစ်၊ ခံစစ်အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တောင်အမေရိကဇုန်ဟာအသင်း (၁၀)သင်းယှဉ်ပြိုင်ပြီး ထိပ်ဆုံး (၄)သင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ကာ၊ အဆင့် (၅)နေရာအသင်းက သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းနဲ့ Play-Off ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ခြေစစ်ပွဲစဉ်များအပြီးရပ်တည်မှုမှာတော့ ဘရာဇီးလ်၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာတို့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ကာ ပီရူးအသင်းက Play-Off ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *